တည်ဆောက်ထားသည်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီး အင်အားကြီးမားသည့် ငလျင်ဒဏ် ခံစားခဲ့ရသော်လည်း မပျက်စီးခဲ့သည့် စစ်ကိုင်းမြို့က ဇေယျာသီရိရုပ်ရှင်ရုံနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ချီးမွမ်းလျက်ရှိသည်။
အဆိုပါရုပ်ရှင်ရုံအား ၁၉၇၃-၇၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး စစ်ကိုင်းမြို့လယ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
ယခင်က စစ်ကိုင်းမြို့တွင် ဂုဏ်ရုပ်ရှင်ရုံနှင့် မြို့မ(အောင်ငွေသာ)ရုပ်ရှင်ရုံတို့ ရှိသော်လည်း မီးလောင်မှုနှင့်အတူ အဆိုပါရုပ်ရှင်ရုံများမှာ ပျက်စီးသွားခြင်းဖြစ်သည်ဟု ဇေယျာသီရိရုပ်ရှင်ရုံ တည်ဆောက်မှုတွင် လုပ်ငန်းခွင်ကြီးကြပ် အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဦးအောင်ကျော်မြင့်က ပြောကြားသည်။
” အဲ့ဒီတုန်းက ဆောက်မယ်ဆိုတော့ ငလျင်ကြောပေါ်မှာ ရှိတယ်ဆိုတာကို ကျွန်တော်တို့က စာဖတ်ထားတော့ သိကြတယ်။ အကုန်လုံးက ဘူမိပညာရှင်တွေ မဟုတ်ဘူး။ အင်ဂျင်နီယာတွေဆိုတော့ ငလျင်အကြောင်းနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် မသိပေမယ့် စာဖတ်ထားကြတော့ ဒီပြတ်ရွေ့က လှုပ်ရှားမှုရှိတယ်ဆိုတာကို သိထားကြတယ်။ အဲ့ဒါနဲ့ အဆိုးဆုံးအခြေအနေအထိကို တွက်ပြီးတော့ ဆောက်လုပ်ခဲ့တာ” ဟု ဦးအောင်ကျော်မြင့်က ယင်းအချိန်က ဆောက်လုပ်ခဲ့သည့် အခြေအနေများကို The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အငြိမ်းစား လက်ထောက်အင်ဂျင်နီယာ ဦးအောင်ကျော်မြင့်မှာ လက်ရှိတွင် မန္တလေးမြို့၌ နေထိုင်ဆဲဖြစ်ပြီး ဇေယျာသီရိရုပ်ရှင်ရုံနှင့်ပတ်သက်ပြီး တည်ဆောက်ခဲ့သည့် အခြေအနေများကို ယခုခေတ်တွင် သိရှိစေရန် လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောကြားသည်။
” အဓိက ရေးသားရတာကတော့ အမှတ်မှားကြမှာ စိုးလို့ရယ် အယူအဆ အလွဲတွေ မဖြစ်စေချင်လို့ ရေးလိုက်တာ။ ရေးမယ်ဆိုတုန်းက ဒီအချိန်ကြီးမှ ထရေးရင် ကိုယ့်ဂုဏ်ကိုယ်ဖော်တယ်ဖြစ်မှာကိုလည်း စိုးတယ်။ နောက်မှ အကုန်လုံးကလည်း တိုက်တွန်းတာနဲ့ ရေးလိုက်တာ။ အဓိကကတော့ စေတနာထားပြီး လုပ်ကြဖို့ကို ရည်ရွယ်တယ်” ဟု ဦးအောင်ကျော်မြင့်က ဆက်လက်ပြောကြားသည်။
ရုပ်ရှင်ရုံကို စတင်တည်ဆောက်စဉ်က နေရာကွင်းဆင်းကြည့်ရှုကာ မြေစမ်းသပ်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ ငလျင်ကြောနှင့် နီးကပ်နေသည်ဟု သိရှိမှုအရ ငလျင်ဒဏ်ခံနိုင်သော ပုံစံဒီဇိုင်းရေးဆွဲ ပုံထုတ်ပေးခဲ့ကြောင်း သိရသည်။
” ၁၉၆၈ခုနှစ်က စစ်ကိုင်းမြို့လယ်တွင် မီးကြီးလောင်ခဲ့ပါသည် ထိုမီးလောင်းသည်အထဲတွင် ဂုဏ်ရုပ်ရှင်ရုံနှင့် မြို့မ(အောင်ငွေသာ)ရုပ်ရှင်ရုံတို့ ပါသွားပါသည် စစ်ကိုင်းတွင် ရုပ်ရှင်ရုံမရှိတော့ပါ၊ ထိုအချိန်တွင် ပြန်ကြာရေး ဝန်ကြီးဗိုလ်ချုပ်သောင်းဒန်(စစ်ကိုင်းသား)မှ စစ်ကိုင်းတွင် ခေတ်မှီရုပ်ရှင်ရုံ အသစ်ဆောက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံခဲ့ပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ခန့်မှန်းပုံထုတ်ဦးစီးဌာနမှ အင်ဂျင်နီယာကြီးများ ကျွမ်းကျင်ပညာရှင်မှယခင် (မြို့ရုပ်ရှင်ရုံနေရာ) ယခုရုပ်ရှင်ရုံနေရာအား ကွင်းဆင်းကြည့်ရှု မြေစမ်းသပ်မှုများ ပြုလုပ်ကြပါသည်။ ငလျင်ကျောနှင့်နီးကပ်နေသည်ဟု စူးစမ်းသိရှိမှုအရ ငလျင်ဒါဏ်ခံ နိုင်သော ပုံစံဒီဇိုင်းရေး ဆွဲပုံထုတ် ပေးခဲ့ပါသည်။ ရုပ်ရှင်ရုံမှာ တောင်မြောက်ဖြစ်ပြီး တောင်ဘက်လမ်းမကြီး ကို မျက်နှာပြုထားပါသည် ရုပ်ရှင်ရုံ၏ တောင်ဘက်မျက်နှာရှိ (RC.)တိုင်(၆)လုံးမှာမြောက်ဘက်သို့(၆၅*) ဒီဂရီစောင်ထားပါသည်၊အနံအခန်းဖွင့်အကျယ်မှာပေ(၇၀)ရှိပြီးအလျားမှာပေ(၉၄)ရှိပါသည်။တောင်ဘက်တွင်ရုပ်ရှင်ပြစက်ခန်းနှင့်(DC)ခေါ် အထူးတန်ပွဲ ကြည့်စင်တစ်ထပ်ပါရှိပါသည် မြောက်ဘက်တွင် လခြမ်းပုံရုပ်ရှင် ပိတ်ကားနှင့်စောင်းဘောက်များ ထားရှိပါသည် အမိုးမှာသစ်သားဒိုင်းနှင့်သွပ်မိုးဖြစ်ပြီး လှေခါးထစ်သဏ္ဏာန် သုံးဆင့်မြောက်ဘက်သို နှိမ့်မိုးထားပါသည် မျက်နှာကျက်မှာ သုံးထပ်သားကို အပေါက်ကလေးများ ဖေါက်၍သစ်သားဆင့်တန်းတွင် ကပ်ထားပါသည်” ဟု ဦးအောင်ကျော်မြင့်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါရုပ်ရှင်ရုံကို စတင်တည်ဆောက်စဉ်က ရန်ပုံငွေ မရရှိသဖြင့် ခေတ္တရပ်ဆိုင်းခဲ့ရပြီး ၁၉၇၅ ခုနှစ်မှသာ ပြန်လည်တည်ဆောက်နိုင်ခဲ့ကြောင်း၊ ၁၉၇၆- ၇၇ တွင် တည်ဆောက်မှု ပြီးစီးခဲ့သည်ဟု သိရသည်။
” ဇေယျာသီရိရုပ်ရှင်ရုံကြီးသည် ယခု(၂၀၂၅)ခှနှစ်တွင် သက်တမ်းအနှစ်(၅၀)ရှိပြီ ဖြစ်ပါသည်။ ဤရုပ်ရှင်ရုံကြီး ခိုင်ခိုင်ခန့်ခန့်ဖြစ်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ခန့်မှန်းနှင့်ပုံထုတ်ဦးစီးမှ အင်ဂျင်နီယာကြီးများမှ(Scismic Structure Design)ပုံစံရေးဆွဲထုတ်ပေးခြင်း စစ်ကိုင်းတိုင်းဆောက်လုပ်ရေး အင်ဂျင်နီယာ ကြီးများ အဆင့်ဆင့်မှကြီးကြပ်မှုနှင့် ကျနော်ဦးဆောင်သော အငယ်တန်းအင်ဂျင်နီယာများ ကျွမ်းကျင်လုပ်သားများမှ ဒီဇိုင်းပုံပါအတိုင်း စံနစ်တစ်ကျ တည်ဆောက်ခဲ့ကြသည့်အတွက် ခိုင်ခန့်သောရလဒ်ကောင်းများ ရရှိခဲ့ခြင်းပင် ဖြစ်ပါသည်” ဟု ဦးအောင်ကျော်မြင့်က ဆက်လက်ရေးသားထားသည်။
တည်ဆောက်ထားသည်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီး အင်အားကြီးမားသည့် ငလျင်ဒဏ် ခံစားခဲ့ရသော်လည်း မပျက်စီးခဲ့သည့် စစ်ကိုင်းမြို့က ဇေယျာသီရိရုပ်ရှင်ရုံ

Join The Discussion